'' အခွံမာသီး ''
နေရောင်က ဖွဲဖွဲလေးရယ်
နေ့တွေက ကြောင်တောင်ကန်း
သွားပိုးစားနေရှာသူ လမ်းမထက်
လူနဲ့လူချင်း တက်နင်းကြရ
လူနဲ့လူချင်း ဖက်နမ်းနှုတ်ဆက်ကြရ
လူနဲ့လူချင်း လက်ရမ်းနှုတ်ဆက်ကြရ ။
အိပ်နေရှာသူ ခွေးလောက်မှ
အပြစ်ကင်းစင် တောက်ပရတဲ့ အဖြစ်
လူတွေက ညစ်ညမ်းတယ်
အိုးအိမ်တွေက ညစ်ညမ်းတယ်
ရပ်ရွာတွေက ညစ်ညမ်းတယ် ။
ဘယ်နေရာမဆို ဖြတ်လမ်းရှိနေတော့
အရှင်မွေးနေ့ချင်းကြီးတွေ ဒူးတနှံ့နှံ့
မနက်ဖြန်ဟာ လန့်ဖို့ကောင်းတယ် ။
အမှောင်ထဲ ဆုပ်ထားတဲ့ လက်သီး
ခရီးဆောင်အိတ်ထဲက ဒိုင်ယာရီ
ခေါက်သိမ်း အိပ်ရာအောက်က မောင်းချဓါး
တို့အားလုံးဟာ
ဒီစာအုပ်ရဲ့ ရှေ့ပိုင်းအခန်းတွေမှာတော့
လူကြမ်းတွေချည်းပေါ့ကွာ ။
ခင်ဗျားတို့ သိကြရဲ့လား
နွားမကြီး လွယ်ထားတဲ့ ဇီးက
နွားထီးတွေ ကြောင့်ရခဲ့တာပါ ။
ဘယ်နေရာကြည့်ကြည့်
အများစုက လူညံ့ချည်းပဲ
ဘုရားတစ်ခွန်းထူး တစ်မတ်နဲ့
ကိုယ့်အနာဂတ်ကိုယ် သတ်ပစ်ကြတော့မှာလား
ဟေ့
နာမည်ကောင်းလက်မှတ်ကိုင်ပြီး
သမိုင်းကို ရှက်နေရမယ့် အစား
ဘေးထွက်ထိုင်နေလိုက်မယ်
ဒီပွဲမျိုး
ငါ မကစားနိုင်ဘူး ။ ။
ခက်သီ
6.1.2003