အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၃၀/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်)
(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ...
============================================
၁။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်၊ ဒီဂါမြို့(Digha)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဟတီရာကျွန်းစု(Hatiya Islands)တို့ကြားမှ ဖြတ်ကျော် နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ (Kolkata)၏ တောင်ဘက် (၄၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
=======================
၂။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
========================
၃။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် (၂၀.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
မြေပြင်လေတိုက်ခတ်နိုင်မှုအခြေအနေခန့်မှန်းချက်
=================================
၄။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် နီးကပ်နေခြင်းကြောင့် လည်းကောင်း၊ မုန်တိုင်းကမ်းကို ဖြတ်ကျော်ပြီးနောက် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့ ပေါ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် လည်းကောင်း၊ (၂၀.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင် အထိ နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
=============================
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ပါသည်။
အသိပေးနှိုးဆော်ချက်
===============
၆။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာ နေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေ များကို လေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

